Blog Archive

Sunday, July 3, 2011

ကျနော့်ရဲ့ နိစ္စဓူဝ Structural Design အလုပ်များ

ဖိုရမ်အုပ်ချုပ်ရေးဘက်ကို ရောက်မှန်းမသိ ရောက်ကတည်းက နည်းပညာပိုင်းဆိုင်ရာပို့စ်တွေ သိပ်ကိုမရေးဖြစ်တော့သလို ဖြစ်နေသွားတယ်။ 
ကျနော့်ရဲ့ ပျက်ကွက်မှုအတွက် အားလုံးကိုတောင်းပန်ပါတယ်။
ကိုယ့်ကိုကိုယ် နေ့တိုင်းသတိပြုမိပေမယ့် .... ဘယ်ကနေ ဘယ်လိုစလို့ ဘာတွေရေးရမှန်း မသိဖြစ်နေတာလဲပါတယ်။ 
ရုံးအလုပ်က pressure တွေရယ် ၊ အချိန်ပေးရတဲ့ (စနေနေ့ ၃-၄ နာရီလောက် နဲ့ တနင်္ဂနွေနေ့ ၈နာရီလောက်) စာသင်ဖြစ်နေတာရယ် ၊ မိသားစုကိစ္စတွေနဲ့တင် တပတ်တပတ် နားလိုက်ရတဲ့အချိန် အင်မတန်နဲလို့ ... လူလဲ သိပ်မတက်ကြွသလိုဖြစ်နေတာ ထင်တယ်။

အဲ့ဒါနဲ့ ဒီတပတ် စင်္ကာပူသင်္ကြန်အတွက် သင်တန်းသားတွေက တောင်းဆိုလို့ တနင်္ဂနွေတရက် သင်တန်းနားထားတဲ့အတွက် စိတ်လဲနဲနဲပေါ့နေလို့ ... အခုစနေနေ့ မိသားစုနဲ့အပြင်မထွက်ဖြစ်ခင် ရုံးအလုပ် အိမ်မှာလုပ်နေရင်း နဲ့ ရေးချင်စိတ်ပေါ်လာတာနဲ့ ဒီပို့စ်လေးကို စဖြစ်လိုက်ပါတယ်။

ကျနော် Structural Design တွက်တဲ့အလုပ်လုပ်ခဲ့တာ (စိတ်ထဲ ဘာမှမကြာသေးသလိုထင်ရပေမယ့်) ၁၄ နှစ်ကျော်ခဲ့ပါပြီ။
မြန်မာပြည်မှာ ၉ နှစ်ခွဲလောက် Structural Design, Inspection & Consultant အလုပ်တွေလုပ်ခဲ့ပြီး ၊ အခု စလုံးရောက်တော့ ဒီဇိုင်းတွက်တဲ့ ဒီအလုပ်ဘဲ ဆက်လုပ်ဖြစ်နေပါတယ်။ ဒါဘဲလုပ်ဖူးတာကိုး ။ 
ဒီဇိုင်းပိုင်းကို စတင်ခဲ့စဉ်တုန်းကတော့ စာတွေ့နဲ့လက်တွေ့ပေါင်းစပ်သိချင်ရုံလောက်ဘဲလို့ ကြုံးဝါးခဲ့ပေမယ့် ....
တကယ်တမ်းကျတော့ အရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ စီးချောင်းတခုထဲ မျောပါသွားသလို ဒီနေ့အထိ နေ့တိုင်းနီးပါးလောက် ဒီ ဒီဇိုင်းတွက်တာနဲ့ပတ်သတ်တဲ့အလုပ်ကိုလုပ်နေမိတော့တယ်။

နေ့စဉ်နဲ့အမျှ လုပ်ချင်လဲလုပ် မလုပ်ချင်လဲလုပ်ရတဲ့ ဒီအလုပ်နဲ့ပတ်သက်ပြီး ၊ နေ့စဉ်မှတ်တမ်းတခုလို မှတ်စုလေးတခုလို ရေးဖို့အတွက် ဒီခေါင်းစဉ်လေးကို စလိုက်ပါတယ်။
အလုပ်ထဲမှာ နေ့စဉ်နဲ့အမျှ ကြုံတွေ့ လှုပ်ရှားနေတဲ့ Structural Designer တယောက်ရဲ့ နေ့ဓဒူဝ အလုပ်အကြောင်းလေး ဆွေးနွေးမှာ ဖြစ်ပြီး ၊ နဲနဲပိုပြီး ထူးခြား တွေ့ကြုံရ လုပ်ကိုင်ရတာလေးတွေကို ပိုအသားပေးရေးသွားမှာဖြစ်ပြီး ၊ သိပ်မထူးခြားရင်တော့ အကြမ်းလောက်ပြောပြီး ကျော်သွားလိုက်ပါ့မယ်။ 
ဟိုရောက် ဒီရောက်လဲ ဖြစ်ကောင်းဖြစ်မယ် ၊ ဒီဇိုင်းအကြောင်းဆွေးနွေးတာတွေပါလာနိုင်သလို ... အသုံးပြုနေတဲ့ဆော့ဖ်ဝဲလ်တွေအကြောင်း အခက်အခဲတွေ ဖြေရှင်းရပုံ လေ့လာရပုံ လူတွေနဲ့ဆက်ဆံရပုံ စတာတွေလဲ ပါလာနိုင်ပါတယ်။ ပျင်းစရာလဲ ကောင်းချင်ကောင်းပါလိမ့်မယ် ။ 
ဒါပေမယ့် စာပြန်စရေးဖြစ်အောင် ဒီပို့စ်နဲ့ဘဲ ပြန်စလိုက်ပါရစေ ။

No comments:

Post a Comment